Saturday 6 September 2014

Pin It

Widgets

♪ Passcodes မသုံးဘဲ သင့်ရဲ့ဖုန်းဟာ လုံခြုံမှုရှိနိုင်ပါ့မလား…♫

ည်းပညာခေတ်ရဲ့ ဆန်းသစ်တဲ့ထုတ်ကုန်တွေအတွက် လုံခြုံရေးအစီအမံအဖြစ် အသုံးပြုလေ့ရှိတဲ့ Passowrds နဲ့ Passcodes တွေရဲ့ အသုံးဝင်မှုဟာ ကျွန်တော်တို့အတွက် အလွန်ရေးပါခဲ့ကြပါတယ်။ ကိုယ့်ရဲ့ဖုန်းမှာ အသုံးပြုဖို့အတွက် စကားဝှက်ကို ကိုယ် နှစ်သက်တဲ့သူရဲ့နာမည်၊
စွဲလမ်းတဲ့အရာ ၀တ္ထု၊ နေရပ်လိပ်စာ၊ ကားနံပါတ် အစရှိတဲ့ ဆက်စပ်တဲ့ စကားစုတွေ ကိန်းဂဏာန်းနံပါတ်တွေ၊ နာမည်တွေ ကို အသုံးပြုလေ့လည်း ရှိခဲ့ကြပါတယ်။ လူအများစုကတော့ ခဏခဏ ရိုက်ထည့်ရတာ လွယ်ကူစေဖို့အတွက် သူတို့ရဲ့ မွေးနေ့ ဒါမှမဟုတ် အိမ်နံပါတ် အစရှိတာမျိုး ပေးကာ အလွယ်တကူ အသုံးပြုခဲ့ကြပါတယ်။

ဒီလိုမျိုး အလွယ်တကူ ပေးထားခြင်းအားဖြင့် ဖုန်း ပျောက်သွားတဲ့အခါ ဒါမှမဟုတ် အခိုးခံရတဲ့ အခါမျိုးတွေမှာ အရေးကြီးတဲ့ အချက်အလက်တွေ ဆုံးရှုံးဖို့အတွက် အခွင့်အလမ်း ဖွင့်ပေးထားသလို ဖြစ်နေတတ်ပါတယ်။ ဒီနေရာမှာ ကံကောင်းတဲ့အချက်တစ်ခုက စမတ်ဖုန်းထုတ်လုပ်သူတွေဟာ password, passcode အပြင် အခြားသော လုံခြုံရေးအစီအမံတွေကို စဉ်းစားထည့်သွင်းကာ အသုံးပြုစေခဲ့ကြပါတယ်။ ဒီလိုမျိုး လုံခြုံရေးအ တွက် ဦးစားပေး ထည့်သွင်းကာ ထုတ်လုပ်ကြတဲ့ နည်းပညာထုတ်ကုန်တွေထဲမှာ စမတ်ဖုန်းတွေဟာ ထိပ်ဆုံးကနေ ပါဝင်နေတာကိုလည်း သိပြီးသားဖြစ်ပါလိမ့်မယ်။ ဈေးကွက်ထဲမှာလည်း နာမည်ကြီး စမတ်ဖုန်းထုတ်လုပ်သူတွေဟာ သူတို့ရဲ့ ကိုယ်ပိုင်နည်းလမ်းတစ်ခုစီနဲ့ လုံခြုံရေးအစီအမံတွေထည့်သွင်းကာ အသုံးပြုသူတွေအတွက် ဘယ်လိုမျိုးလုံခြုံမှုရှိတယ်။ ထိုးဖောက်ဝင်ရောက်မှုဒဏ်ကို ဘယ်လောက်ထိ ခံနိုင် ရည် ရှိတယ်ဆိုတာကို အပြိုင်အဆိုင် ယှဉ်ပြိုင်နေကြဆဲဖြစ်ပါတယ်။

စမတ်ဖုန်းတစ်လုံး ၀ယ်ယူတော့မယ်ဆိုရင် လုံခြုံရေးစနစ်အတွက် သီးသန့် ဘာတွေထည့်သွင်းပေးသလဲ ဆိုတဲ့ အချက်ဟာ နောက်ဆုံးပေါ် စမတ်ဖုန်းအသုံးပြုသူတွေအတွက် မသိမဖြစ် သိထားသင့်တဲ့အချက်ဖြစ်ပါ တယ်။ ဒီအတွက် လုံခြုံမှုရှိပေမယ့် ပျင်းရိညည်းငွေ့စရာကောင်းတဲ့ password တွေ passcode တွေ မသုံး ဘဲ ဘယ်လို နည်းလမ်းတွေက အပြည့်အ၀ အကာအကွယ်ပေးထားနိုင်သလဲဆိုတာ လေ့လာကြည့်တဲ့အခါ …

FingerPrints :
===========

မနှစ်က ထွက်ရှိတဲ့တဲ့ Apple ရဲ့ နောက်ဆုံးပေါ် စမတ်ဖြစ်တဲ့ iPhone 5S မှာ Touch ID လို့ခေါ် တဲ့ ခေတ်မီ fingerprint စနစ်ပါဝင်လာခဲ့ပါတယ်။ ထွက်ရှိစအချိန်မှာတော့ ဘယ်လိုချိုးဖောက်လို့ ရတယ်ဆိုတဲ့ ကောလာ ဟလတွေ ထွက်ပေါ်လာခဲ့ပေမယ့် အခုအချိန်အထိ Touc့ ID ကို ဘယ်သူမှ မချိုးဖောက်နိုင်သေးပါဘူး။ နောက်ပြီး HTC ရဲ့ အရွယ်အစားအကြီးဆုံး စမတ်ဖုန်းလို့ပြောနိုင်တဲ့ HTC One Max မှာလည်း သီးသန့်လုံခြုံရေး အစီအမံအဖြစ် FingerPrint Sensor ပါဝင်လာခဲ့ပါတယ်။ Samsung ရဲ့ နောက်ဆုံးပေါ် စမတ်ဖုန်းဖြစ်တဲ့ Galaxy S5 မှာလည်း FingerPrint sensor ပါဝင်လာခဲ့ပြီး ကိုယ်ပိုင် ပရိသတ်တွေကို အခိုင်အမာ ဆက်လက်ဆွဲဆောင်နိုင်စေခဲ့ပါတယ်။

iPhone ရဲ့ Fingerprint စနစ်ကတော့ တစ်နှစ်နီးပါး အသုံးပြုခဲ့ပေးမယ့် ကောင်းမွန်ဆဲဖြစ်ပြီး ဖုန်းကို unlock ပြုလုပ်ဖို့အတွက် လက်ချောင်း ငါး ချောင်းအထိ မှတ်သား အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Home ပေါ်ကို အသာလေး ဖိလိုက်တာနဲ့ ထည့်သွင်းထားတဲ့ လက်ဗွေရာကို မှတ်သားသိရှိနိုင်မှာဖြစ်ပါတယ်။ လက် အနေအထားအရ အပေါ်ဘက်၊ အောက်ဘက် ဘယ်လိုအနေအထားမဆို အလုပ်လုပ်နိုင်ပါလိမ့်မယ်။ ဒါပေမဲ့ လက်မှာ ရေစိုနေတဲ့အခါ၊ ချော နေတဲ့အခါ ဒါမှမဟုတ် ညစ်ပတ်ပေရေနေတဲ့အခါမျိုးမှာတော့ လက်ဗွေရာကို သိရှိနိုင်မှာမဟုတ်ဘဲ မူလအစ အသုံးပြုခဲ့တဲ့ passcode တွေဆီကို ပြန်သွားရမှာဖြစ်ပါတယ်။
Samsung ရဲ့ FingerPrint စနစ် ကတော့ လက်ချောင်း ၃ ချောင်းအထိ မှတ်သားနိုင်ပြီး home button ပေါ်ကို အပေါ်အောက် ဖိဆွဲပေးလိုက်ကာ unlock ပြုလုပ်နိုင်ပါလိမ့်မယ်။ ဒီ FingerPrint စနစ်နဲ့ပဲ PayPal app ကိုအသုံးပြုနိုင်သလို private mode ကို ၀င်တဲ့အခါမှာလည်း အသုံးပြုနိုင်စေပါတယ်။ ဒီအချက်က ကိုယ့်ရဲ့ အရေးကြီးအချက်အလက်တွေ၊ ဓာတ်ပုံတွေနဲ့ အခြားအချက်အလက်တွေကို ကိုယ်ကလွဲပြီး အခြားသူတွေ မမြင်တွေ့နိုင်အောင် ဖုံးကွယ်ထားနိုင်ပါလိမ့်မယ်။


HTC One Max ရဲ့ Sensor ကတော့ ဖုန်းရဲ့ နောက်ကျောဘက်မှာ ပါဝင်လာတာဖြစ်ပြီး တစ်ခါတစ်ရံ မှတ်သား ထားတဲ့ လက်ဗွေရာကို ရုတ်တရက် မမှတ်မိတာမျိုး ဖြစ်ပေါ်တတ်ပါတယ်။ နှစ်သက်စရာကောင်း တဲ့အချက်ကတော့ မှတ်သားထားတဲ့ လက်ချောင်းပေါ်မူတည်ပြီး ကြိုတင် သတ်မှတ်ထားတဲ့ App တွေကို ဖွင့်ပေးနိုင်တဲ့အချက်ဖြစ်ပါတယ်။ ဒီ Sensor စနစ်ကို One Max မှာသာ မြင်တွေ့ရမှာဖြစ်ပြီး နောက်ဆုံး ထွက်ပေါ်လာတဲ့ HTC One M8 မှာတော့ မြင်တွေ့နိုင်မှာ မဟုတ်ပါဘူး။

လုံခြုံရေးစနစ် ကျွမ်းကျင်သူအများစုကလည်း FingerPrint sensor တွေဟာ ပြည့်စုံတဲ့ လုံခြုံရေးစနစ် မဟုတ် သေးဘူးလို့ တစ်ညီတစ်ညွတ်တည်း သဘောတူထားကြပြီး ယနေ့အချိန်အထိ passcode တွေ password တွေကို အစားမထိုးနိုင်ကြသေးပါဘူး။ ဒါပေမဲ့ FingerPrint စနစ်တွေဟာ အပြည့်အ၀ မလုံခြုံသေးတာ မှန်ပေမယ့် ပျင်းရိညည်းငွေ့စရာကောင်းတဲ့ စကားဝှက်တွေ၊ နံပါတ်တွေ ရိုက်ထည့်ရ တာကိုတော့ ကျော်လွှား နိုင်ခဲ့ပြီးဖြစ်ပါတယ်။ passcode စနစ်ကို အရံအဖြစ်သာ ထားရှိကြပေမယ့် ခန့်မှန်းရလွယ်ကူတာမျိုး တော့ မပေးသင့်သေးပါဘူး။

Pattern :
=======

Android ဖုန်းအသုံးပြုတွေအတွက်ကတော့ passcode ကို အသုံးပြုတဲ့သူ အတော်နည်းလိမ့်မယ် ဆိုတာ သေချာပါတယ်။ ဘာကြောင့်လဲဆိုတော့ လုံခြုံရေးစနစ်အဖြစ် ထည့်သွင်းတော့မယ် တစ်နည်း အားဖြင့် ဖုန်းကို lock ချထားချင်တယ်ဆိုရင် အလွယ်တကူနဲ့ လူသုံးအများဆုံးနည်းလမ်းဖြစ်တဲ့ Pattern နဲ့ Lock ပြုလုပ်ခြင်းကိုသာ ရွေးချယ်အသုံးပြုကြပါတယ်။ ဒီနည်းလမ်းဟာ Pattern ရှုပ်ထွေးရင် ရှုပ်ထွေး သလောက် လုံခြုံတာ မှန်ပေမယ့် unlock ပြုလုပ်တဲ့အချိန်မှာ ထည့်သွင်းထားတဲ့ Pattern ကို ဘေးမှာ ရှိနေတဲ့ လူတစ်ဦးတစ်ယောက်က တွေ့မြင်နိုင်သလို၊ pattern ကို invisible ပြုလုပ်ထားရင်လည်း ဖုန်းရဲ့ မျက်နှာပြင်ပေါ်မှာ ထင်ကျန်ခဲ့တဲ့ လက်ရာတွေကနေလည်း ခန့်မှန်း သိရှိနိုင်ပါလိမ့်မယ်။ ဒီနည်းလမ်းဟာ လည်း Android စနစ် အခြေပြုတဲ့ ဖုန်းတိုင်းလိုလိုမှာ အသုံးပြုနိုင်ပြီး ရှည်လျားတဲ့ Password တွေကို ရှောင် ရှားဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။

KNOCK, KNOCK :
===============
ဒီလုံခြုံရေးစနစ်ကတော့ LG ရဲ့ နောက်ဆုံးထွက်ဖုန်းဖြစ်တဲ့ G3 မှာ တွေ့မြင်ရမှာဖြစ်ပြီး LG ရဲ့ အခြား model အချို့မှာလည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။ သူ့ရဲ့အလုပ်လုပ်ပုံကတော့ ဖုန်းရဲ့ မျက်နှာပြင်ပေါ် မှာ လေးထောင့် ကွက်ကလေး သဏ္ဍာန် သတ်မှတ်ကာ အဲဒီလေးထောင့်ကွက်ကို အပိုင်း ၄ ပိုင်း အညီအမျှ ပိုင်းထားပြီး တစ်ပိုင်းစီ(တစ်ကွက်စီ)ပေါ်ကို Knock လို့ခေါ်တဲ့ တံခါးခေါက်တဲ့ပုံသဏ္ဍာန် မျိုး သတ်မှတ်ပေး ရမှာဖြစ်ပါတယ်။ အကွက်လေးကွက်ရှိတဲ့ နေရာမှာ အနည်းဆုံး အကွက်သုံးကွက် အသုံးပြုရမှာဖြစ်ပြီး တစ်ကွက်စီကို ခေါက်မယ့်(knock) ပြုလုပ်ရမယ့် အကြိမ်အရေအတွက်ဟာ ၂ ကြိမ် ကနေ ၈ ကြိမ်အထိ ထားရှိနိုင်မှာဖြစ်ပါ တယ်။


အဲဒီ knock ပြုလုပ်ကာ အသုံးပြုရမယ့် လေးထောင့်ကွက်ရဲ့ နေရာကို အပေါ် အောက်၊ ဘယ် ညာ အစရှိသည်ဖြင့် ကိုယ်အစဉ်ပြေတဲ့နေရာမှာ ထားရှိနိုင်မှာဖြစ်ပါတယ်။ ဒီ လုံခြုံရေးစနစ်ကိုတော့ ဘေးကနေ ကြည့်ပြီး မခန့်မှန်းသလို မျက်နှာပြင်မှာ ကျန်ခဲ့နိုင်တဲ့ လက်ရာတွေကနေလည်း ခန့်မှန်းနိုင်မှာမဟုတ်ပါဘူး။ LG က ဒီစနစ်ကို ရှုပ်ထွေးမှုရှိပြီး အလွယ်တကူကျော်လွှားလို့မရနိုင်တဲ့ အတွက် Knock Code လို့တောင် နာမည် ပေးထားပါသေးတယ်။တစ်စုံတစ်ယောက်က ၆ ကြိမ် နဲ့အထက် မှားယွင်းပြီး Knock မိမှသာ passcode ဒါမှမဟုတ် Google account ကို sign in ပြုလုပ်ကာ ကျော်လွှားနိုင်မှာဖြစ်ပါတယ်။ ဘာပဲပြောပြော LG ရဲ့ Knock Code ဟာ Android OS ရဲ့ built-in လုံခြုံရေးစနစ်တွေအပြင်၊ Fingerprint စနစ်နဲ့ပါ ကွဲပြားအောင် စွမ်းဆောင်နိုင်တာကြောင့် တခြားစမတ်ဖုန်းထုတ်လုပ်သူတွေအနေနဲ့ Knock Code လိုမျိုး ကိုယ်ပိုင် သီးသန့် လုံခြုံရေးစနစ် တစ်ခုခုကို မဖြစ်မနေထည့်သွင်းဖို့ လိုအပ်လာ ခဲ့ပြီဖြစ်ပါတယ်။

MTN

No comments:

Post a Comment